Sunday, August 19, 2012

ရမည်းသင်းမြို့

မန္တလေးတိုင်း
















                                                   ရမည်းသင်းမြို့ မန္ထလေးတိုင်း

မန္တလေးတိုင်း အထဲမှာ ပါရှိပြီး နေပြည်တော်တပ်ကုန်း၊ ပျဉ်းမနား တို့နှင့် မနီးမဝေးမှာတည်ရှိတဲ့ ရမည်းသင်းမြို့ရဲ့အကြောင်းကို ဒေသခံတစ်ဦးအနေနဲ့ ပြောပြချင်ပါတယ်..။ ရမည်းသင်းမြို့ ရဲ့ မြို့တည်သက် က နှစ်ပေါင်း ၇၀၀ ကျော်ခဲ့ပါပြီ..။ ၂၀၀၄ ခုနှစ်က ၇၀၀ပြည့်ခဲ့တာပါ..။ ရမည်းသင်းအကြောင်းပြောပြရရင် တော့ ရမည်းသင်းစား သီလ၀ ရဲ့အကြောင်း လည်း မပါမဖြစ် ပြောပြဖို့လိုလာပါတယ်..။ ရမည်းသင်းစား သီလ၀ ဆိုတာ တစ်သက်လုံးမှာ ၃ ကြိမ် ပဲ ပြုံးတယ်လို့ နာမည်ကြီးတဲ့ ကုန်းဘောင်ခေတ်က သူရဲကောင်းမြို့စားတစ်ဦး ဖြစ်ပါတယ်…။ သူ့အကြောင်းကို သီးသန့်တင်ပေးဖို့ရှိပါတယ်..။ ရမည်းသင်းရဲ့ အဓိက ထွက်ကုန်တွေကတော့ စပျစ်သီး၊ ငရုတ်သီး ၊ ပဲအမျိုးမျိုး ၊ ကွမ်းရွက် နဲ့ နှမ်း တို့ပဲဖြစ်ပါတယ်..။ ဒေသတွင်း နာမည်ကြီး အစားအစာကတော့ တို့ဟူးကြော်နဲ့အချဉ်စပ်(ခရမ်းချဉ်သီးပန်ထွေဖျော်) ဖြစ်ပြီး ကန်စွန်းရွက်၊ ဂေါ်ဖီရွက် ၊ ပဲပင်ပေါက် ၊ နံနံပင် တို့နဲ့ တွဲဖက်ပြီး စားသုံးရပါတယ်..။ နာမည်ကျော် အစားအစာ နောက်တစ်မျိုးကတော့ မုန့်ပြားသလက်နဲ့အချဉ်စပ်(ခရမ်းချဉ်သီးပန်ထွေဖျော်)ဖြစ်ပြီး စားတော်ပဲ သို့ မဟုတ် ကြက်ဥ ၊ ဘဲဥ စတာတွေနဲ့ ကြွပ်ကြွပ်ရွရွ စားသုံးရင်ပဲဖြစ်ဖြစ် ၊ ပျော့ပျော့ အိအိ လေး သုံးဆောင်ရင်ပဲဖြစ်ဖြစ် တော်တော်စားလို့ကောင်းတာ တွေ့ရပါမယ်..။ အိုကေ ဒီနေ့တော့ ဒီလောက်ပါပဲ..။ နောက်ရက်ကျမှ ဆက်ပြောပြပါဦးမယ်..။ လာရောက်ဖတ်ရှုသူအားလုံးပျော်ရွှင်ပါစေ..။


ရမည်းသင်း က အရင်တုန်းက ရေအရမ်းရှားပါတယ်..။ အခုတော့ ရေ ရရှိမှုအနေအထား အရင်ကထက် ပိုကောင်းသွားပြီ လို့ ဆိုနိုင်ပါတယ်..။ အ၀ီစိတွင်းတွေအများကြီးနဲ့ ရေပိုက်လိုင်းတွေ သွယ်ခွင့်ရလာတဲ့အပြင် ၊ အင်ဂျင်နဲ့ ပိုက်ရေကြည် သွယ်တန်းပေးတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေလည်း ရှိလာလို့ပါ..။ ရမည်းသင်း ရဲ့ အဓိက ထွက်ကုန်တွေဖြစ်တဲ့ ငရုတ်ကိုတော့ ရမည်းသင်းပတ်ဝန်းကျင်မှာရှိတဲ့ ရွာကြီးတွေ နှင့် ကျေးရွာတွေမှာ စိုက်ပျိုးကြပါတယ်..သီးထပ်၊ သီးညှပ် အဖြစ်ရော .. ယာခင်းအဖြစ်ရောပေါ့ ။ ကွမ်းကိုတော့ ရမည်းသင်းရဲ့မြောက်ဖက်မှာရှိတဲ့ ရွာတန်း နဲ့ ရွှေဒါး ဆိုတဲ့ ရွာကြီးတွေမှာ စိုက်ပျိုးပါတယ်..။ အဲဒီရွာတွေမှာ စပျစ်ခြံတွေကိုလည်း အမြောက်အများ တွေ့နိုင်ပါတယ်…။ ရမည်းသင်း အရှေ့တောင်ဘက်မှာ ရှိတဲ့ သိမ်ကုန်း ဆိုတဲ့ ရွာကြီးမှာလည်း စပျစ်ခြံစိုက်ပျိုးသူ တော်တော်များများရှိပြီး ရမည်းသင်းထွက် စပျစ်သီးတွေကို ပြင်ဦးလွင်က စပျစ်ဝိုင် ထုတ်လုပ်သူ လုပ်ငန်းရှင်တွေနဲ့ ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ အောင်ပန်း စတဲ့မြို့ကြီးတွေက မှာယူ စားသုံးကြပါတယ်။ နိုင်ငံခြား အိပ်စပို့တ် ကွာလတီ မှီတဲ့ စပျစ်တွေမို့ အခုဆိုရင် ပတ်ကင်ထုတ်ပြီး တရုတ်၊ စင်ကာပူ ၊ ထိုင်း နဲ့ မလေးရှား စတဲ့ နိုင်ငံတွေကို တင်ပို့နေပြီဖြစ်ပါတယ်..။
ရမည်းသင်းက တကယ်တော့ ခရိုင်မြို့ကြီးပါ..။ ရမည်းသင်းမြို့ စီဗီလိုင်းရပ်ကွက်ထဲမှာဆိုရင် အင်္ဂလိပ်ခေတ်က အရာရှိတွေရဲ့ အိမ်တွေ ၊ ရုံးကြီးတွေ ၊ အခြား ဗိသုကာလက်ရာတွေကို တွေ့နိုင်ပါတယ်..။ (ဓါတ်ပုံတွေတင်ပေးပါမယ်..)..။ ရမည်းသင်းမြို့ရဲ့နာမည်ကျော် ကျီးနီကန် ကြီး ရဲ့ ဘေးတစ်ဘက်မှာ ကန်ပေါင်လုပ်ထားပြီး ကန်ပေါင်ရဲ့အောက်ချိုင့်ထဲမှာ ယာခင်းတွေကို ပန်းချီဆန်ဆန်တွေ့မြင်နိုင်ပါတယ်.။ မကျီးပင်တွေ အတန်းလိုက်စီပြီး စိုက်ထားတဲ့ ကန်ပေါင်လမ်းတလျှောက်ကို မကျီးတန်းလို့လဲ ခေါ်ကြတယ်..။ မကျီးတန်းကို ဆုံးအောင် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို ညနေဘက် ဒါမှမဟုတ် မနက်စောစောဘက်တွေမှာ ဒေသခံတွေ ပြုလုပ်တတ်ကြတယ်..။ မကျီးတန်းအဆုံးမှာတော့ ရွာတွေကို တွေ့ရပါမယ်.။
ရမည်းသင်း ရဲ့ အရှေ့တောင်ဘက်မှာ ရွှေထွက်တဲ့တောင်ကြောတွေရှိပါတယ်။ မိုးထိမိုးမိတောင် ၊ ဆင်သေတောင် ၊ နှာပူးတောင် အစရှိတဲ့ တောင်ကြောတွေမှာ ၂၀၀၃ ခုနှစ်ကတည်းက ရွှေထွက်ရှိတာကို ဒေသခံတွေ သတိပြုမိခဲ့ကြပါတယ်..။ ၂၀၀၄-၂၀၀၅ မှာတော့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်လာကြပြီး အနယ်နယ်အရပ်ရပ်က လူမျိုးပေါင်းစုံ ရမည်းသင်းရွှေတောင်ဒေသကို ရွှေတူးဖော်ဖို့ ရောက်လာခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ တည်းခိုခန်း လုပ်ငန်း ၊ စားသောက်ဆိုင်လုပ်ငန်း ၊ ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း နဲ့ အခြား စီးပွားရေးလုပ်ငန်းတွေအားလုံး အသီးသီး တိုးတက်လာပါတော့တယ် တကယ်တော့ ရမည်းသင်းက နေချင်စဖွယ်ကောင်းတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ဒါကို သတိထားမိတဲ့ အချို့သော စီးပွားရေးလုပ်ငန်းရှင်တွေက ရမည်းသင်းမှာ အိမ်ခြံ မြေတွေ ၀ယ်ယူပြီးနေထိုင်လာတာကြောင့် အိမ်ခြံမြေဈေးနှုန်းလည်း တန်ဖိုးတစ်ခုအတိုင်းအတာ မြင့်မားစွာ ဖြစ်လာခဲ့ပါတယ်။ လူတွေစုံလာတာနဲ့အမျှ ရမည်းသင်းမှာ ဒုစရိုက်မှုအချို့လည်း များပြားလာတာတော့ အမှန်ပါပဲ..။ ဒါပေမယ့် စည်းလုံးမှုအပြည့်ရှိပြီး ၊ ရိုးသားတဲ့ ဒေသခံတွေများတဲ့ ဒီမြို့ မှာ ဘယ်လို ရာဇ၀တ်ဒုစရိုက်မှုမျိုးပဲ ဖြစ်ဖြစ် အချိန်တန်တော့လည်း ပြေပျောက်ပြီး တရားခံပေါ်သွားတာချည်းပါပဲ.။ ရွှေတောင် ဒေသကို သွားချင်တယ်ဆိုရင်တော့ ရမည်းသင်းကနေ 4wd jeep တွေ စီး သွားရပါမယ်။ ရှုခင်းကောင်းကောင်းတွေ အမြောက်အများကို ကြည့်ရှုနိုင်ပြီး ရွှေတောင်ပေါ်က လုပ်ငန်းခွင်အသီးသီးကို လေ့လာချင်တယ်ဆိုရင်တော့ ရမည်းသင်းကနေ ကြိုဆိုလျှက်ပါ.. နောက်နေ့ ဆက်ပြောပြပါမယ်နော်..။ အားလုံးအတွက် ကံကောင်းတဲ့နေ့တစ်နေ့ဖြစ်ပါစေ..။
ရမည်းသင်း မြို့ ပေါ်မှာ ၀ါတိုးအရှေ့၊ ၀ါတိုးအနောက် ၊ ကြည်တော်ကုန်း ၊ ကျော်ဇင် ၊ အုန်းပင်၊ ရှမ်းဝိုင်း ၊ အောင်မင်္ဂလာ ၊ ရွှေကူ စတဲ့ မြို့ပေါ်ရပ်ကွက်ကြီး (၈)ရပ်ကွက် ရှိပါတယ်။ ခရိုင် ပြည်သူ့ဆေးရုံကြီးက ခုတင် ၃၀၀ အဆင့် ဖြစ်ပြီးတော့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန စတာတွေနဲ့ နီးပါတယ်။ ရမည်းသင်း ရွှေတောင်ဒေသအတွက် ကားဂိတ်ကို ရမည်းသင်းမြို့မဈေး အနီးက မြို့နယ်စည်ပိုင်ပိုင် မြေကွက်လပ်မှာ ဖွင့်လှစ်ထားပါတယ်..။  ၁၉၉၀ ကျော်လောက်က အဲဒီနေရာက မီးသတ်ဦးစီးဌာန ဖြစ်ပါတယ်။ အခုတော့ အဲဒီနေရာက ကထိန်ပွဲကျင်းပတဲ့အခါ ရုပ်သေးဇာတ်ရုံ တို့ ၊ ချားရဟတ်တို့ နေရာယူတဲ့နေရာဖြစ်လာပါတယ်။ ကျန်တဲ့အချိန်တွေအတွက် အဲဒီနေရာကို ရွှေတောင်သွားတဲ့ ကားဝင်း အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ရမည်းသင်း မြို့မဈေးထဲမှာ ၀ယ်လို့အကောင်းဆုံးဈေးသည်ကတော့ တို့ဟူးသည် ဖြစ်ပါတယ်။ ရမည်းသင်း တို့ဟူးက တခြားမြို့ က တို့ဟူးတွေနဲ့ အရသာ ချင်း ယှဉ်ရင် အများကြီးပိုသာတယ်လို့ စားဖူးသူတိုင်းက ဆိုပါတယ်။ တို့ဟူးရဲ့အရသာက မလေးမပေါ့ မဆိမ့်လွန်း မချိုလွန်း ပုံမှန်အနေအထားဖြစ်ပြီး သုပ်စားရင်ပဲဖြစ်ဖြစ် ၊ ကြော်စားရင် ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ မနက်ခင်းပိုင်းဆို မနက်စာအဖြစ် ဒေသခံတွေက တို့ဟူးနဲ့ ကြက်သွန်နီ၊ နံနံပင် စတာတွေကို ဆီ ၊ ဆား နဲ့ သုပ်ပြီး ထမင်းနဲ့တွဲဖက်စားသုံးတတ်ကြပါတယ်။ 

Written By: Aye Kyaut khaing @gmail.com

No comments:

Post a Comment